Wednesday, August 12, 2009

ည၏ အလယ်ပိုင်းကို ဗဟိုပြုသော.....

သွားတိုက်ဆေးကို သေချာညစ်ထုတ်လိုက်တယ်၊ ကော်ဖီတစ်ခွက်၊ စာတစ်ပိုဒ်နဲ့အတူ မျက်လုံး တစ်ဝိုက် အညိုအမည်းတွေ တိုးပွားလာတယ်၊ အဲဒါတွေ ငါ ခုံမင်လာတယ်၊ ခြင်္သေ့တစ်ကောင် သိုးငယ်တစ်ကောင်ရဲ့ သေခြင်းအပေါ် ထားတဲ့ စိတ်လိုပေါ့။ တဖြည်းဖြည်းနဲ့ ငါ့ ပြတင်းပေါက်တစ်ချပ်ပွင့်လာတယ်၊ ငါတွေ့နေရတာတွေ၊ မြင်နေရတာတွေ၊ မြစ်တစ်စင်းကို ဗဟိုပြုပြီးတော့ နာကျဉ်းမှုတွေက တည်ထောင်လိုက်တော့ ထွန်းကားလာကြတယ်၊ သင့်ကိုယ်သင် ညနေခင်းတစ်ခုလို့ ခံစားကြည့်လိုက်ပါ၊ ပျော်ဝင်လာတဲ့ အရာတွေ၊ မေ့ချင်တိုင်း မေ့ထားကြတဲ့ အဖြစ်အပျက်တွေ ပြောင်းချင်တိုင်းပြောင်းသွားကြတယ်၊ သိပ်ခက်တယ်၊ သိပ်လွယ်တယ်၊ ဒီလိုပါပဲ၊ ငါ့ အပေါ်အများကြီးမူတည် ပါတယ် တဲ့၊ လူတစ်ယောက်အိပ်ပျော်သွားခါနီး မြစ်တွေ စီးဆင်းနေကြ၊ မြစ်တွေ ငါ့ အပေါ်အကြွေးတစ်ခုတင်သွားတယ်လို့သတ်မှတ်လိုက်တယ်၊ ခက်တော့လည်း ခက်လာကြပြီ၊ ပျက်တော့မဲ့ နာရီတစ်လုံး ကိုယ်သေမဲ့ အချိန်ကို ကိုယ်မတွက်ချက်နိုင်ဘူး၊ ခံစားရတယ်၊ ငိုရတယ်၊ ပြီးတော့ ရယ်လည်းရယ် ရတယ်၊ ထပ်ပြီးတော့ ရယ်လည်း ရယ်ကြတယ်၊ အရှိန်ကြောင့် မြင်ကွင်းတွေ ပြောင်းလိုက်၊ မမြင်လိုက်ဖြစ်နေတယ်၊ ဒါကို ငါ့ ရဲ့ အကြွေးစာရင်းထဲမှာ ထည့်ချုပ်ထားတယ်။ ပြီးတော့ ငါ့ အကြွေးစာရင်းကို မြစ်တစ်စင်းထဲ လွှင့်ချလိုက်၊ ပြန်လှည့်မကြည့်နဲ့ သင် သာ ညနေခင်းတစ်ခုပီသခဲ့မယ်ဆိုရင် ငိုသာချလိုက်။ အဆိုးရွားဆုံး အခြေအနေဆိုတာ ငါ့ ဆီမှာ မရှိဘူးထင်တယ်၊ ရှေ့မှာ နေ့တွေ အတိုင်းသားနဲ့ ၊ ဆိုးရွားတဲ့ နေ့ရက်အကြောင်း ပန်းချီ ကားတစ်ချပ်ကို ဘာဆေးနဲ့ဆွဲမှာလဲ၊ သင်ကိုယ်သင် အေဒီ ၁၆၀၀ က ပန်းချီကားတစ်ချပ်လို့ ခံစားကြည့်လိုက်ပါ။ သင်ဟာ ပန်းချီကားတစ်ချပ်ပီသခဲ့မယ်ဆိုရင် သင်ဟာ ကင်းဗတ်စမဟုတ်ဘူး၊ ဆိုးရွားတဲ့ ခံစားချက်ပဲ။ ဟုတ်တယ်၊ ရထားတစ်စင်းညတိုင်း ဖြတ်မောင်းသွားတိုင်း ငေးတိုင်း သင့် အကြံအစည်တွေ အကြောင်းတွေးမိနေခဲ့တယ်၊ သင်ဟာ ဘုရားမဲ့ တစ်ယောက်လား၊ တယောပညာရှင်တစ်ယောက်လား၊ မျက်နှာ ကို လာထိုးနှက်တဲ့ လေ လား၊ နှိုးရခက်တိုင်း အိပ်ချင်ယောင်ဆောင် တာ မဟုတ်မှန်း ငါ သိလာသလိုပေါ့၊ သင် ဟာ ငါး တစ်ကောင်ရဲ့ ပြက္ခဒိန်ထဲက မရင်းနှီးသေးတဲ့ အားလပ်ရက်ရှည်တစ်ခုလို မေ့ရပျောက်ရခက်တဲ့ အရာတွေ ကို ငါ နဲ့ လာဆွေးနွေးနိုင်တယ်၊ သောက်ခဲ့ဖူးတဲ့ ဘီယာ တစ်ခွက်ကို ဝေဒနာ တစ်ခုအဖြစ်သာ မှတ်မိတော့တယ်၊ ညလယ်ခေါင်မှာ ဒူးတွေတုန်ပြီး မျက်လုံးတွေ မှာပဲ ပြန်လှည့်ပြီးပြန်လာကြသူတွေကိုလည်း တွေ့နေရတယ်။ လူသေ တစ်ယောက်လို အသားရေတွေ မြို့ပြရဲ့ ယဉ်ကျေးမှုကို မထောက်ပံ့နိုင်တော့ဘူး၊ ငါ၊ အုတ်နီခဲ နီးပါး ဖြစ်သွားခဲ့တယ်၊ သူတို့ဟာ မကြိုဆိုဘူး၊ မမောင်းထုတ်ဘူး၊ ထို့အတူ မအေးစက်ဘူး၊ မနွေးထွေးဘူး၊ သူတို့ဟာ သူတို့ရဲ့ ဖြစ်မှုတွေ အပေါ်မှာတောင် မေ့လျော့ထားလို့ ထုတ်ကုန်အသစ်တွေ အတွက် မျက်စိတွေ အရမ်းကျယ်နေကြတယ်၊ ဒါ ဟာ မြို့ကြီး ပြကြီးပဲ၊ ဟောဟိုမှာ နှင်းဆီပန်းခင်းပဲ၊ သင့်ကိုယ်သင် မြေပြင်တစ်ခုလို့ ခံစားကြည့်လိုက်ပါ။ သည်းခံနိုင်စွမ်းတိုးလာရင်လည်း၊ သင် ဟာ မြေပြင်ပဲ။ ခေတ်တွေ ဖယ်ပြီး သမိုင်းရေးမယ်၊ ငါတို့ တွေးကြည့်ကြမယ်၊ တွေးလို့မရရင်၊ ရေခဲသေတ္တာထဲက ပန်းသီးအိုအို တစ်လုံးလို အေးစက် ပိန်တွ မှုတွေကို ဆက်ပြီး ခုံမင်မယ်၊ ]]ကောင်းသော မနက်ခင်းပါ မစ္စတာ . . .}} အိပ်ရာကနိုးတိုင်း အိမ်မက်တွေကို မကျေနပ်ဘူး၊ သူထင်ရာလုပ်နေတာ လူ့ လောက တင်မဟုတ်ဘူး၊ အများကြီးပဲ၊ တောင်ပြာတန်း က စိမ်းလဲ့နေတဲ့ စမ်းချောင်းတွေ အသွင်ပြောင်းတယ်၊ ပြီးတော့ ငါ့ ဆီပျံသန်းလာပြီး ရှေးခေတ်စစ်သည်တွေ လို လမ်းထဲ ပြေးဝင်လာကြတယ်၊ ဖြန့်ကျက်ပြီးခင်းထားတဲ့ နေပူပူ နေ့လည်ခင်းက အသားပေးထားတဲ့ အရာတွေကိုသာအရင်လုပ်ပါတဲ့၊ တိုက်ကြီးတစ်ခုလုံးဟာ တုန်ယင်ပြီး ဒီဇင်ဘာ က နေ ပြေးထွက်တယ်၊ ရာသီအလိုက်ပန်းတွေ မပွင့်တာလည်း ငါ့ အသက်လောက်ရှိပြီ၊ မှားယွင်းမှုတွေကြား မျက်နှာတွေ ပျက်ယွင်းပြီး ဆက်ဆံနေရတဲ့ ခင်မင်မှုတွေကိုလည်း ငါ တစ်နေ့ တော့ ဆက်ဆက် မေ့ဖျက်ပစ်ရဦးမှာပါပဲ။ ငိုတာမဟုတ်ဘူး။ သိခွင့် ပေးတာ။ သင့်ကိုယ်သင် သူတို့ လို့ ခံစားကြည့်လိုက်ပါ။ သင်သိပ်ခက်လာလိမ့်မယ်။ ဒါဟာ လူတွေပဲ။ သင်သိလား။ ဘယ်သူသိလဲ။ ငါ သိလား။ မသိဘူး လို့ ထားလို့ ရချင်ရမယ်။ ဒါပေမဲ့ အမှောင်ထုဟာ လက်တစ်ကမ်းမှာ ရွေ့လျားနေပြီ၊ လှမ်းမျှော်မကြည့်နဲ့၊ မကျော်နိုင်တဲ့ အခက်အခဲဆိုတာ အနာဂတ်မှာပဲ ရှိတယ်၊ ဟောဟိုမှာ ဘာသာရေးကိုင်းရှိုင်းသူတွေ၊ ဟောဟိုမှာ ဆင်ဖိုနီ တစ်ပုဒ်၊ ဟောဟိုမှာ လူငယ်တွေ၊ လမ်းချိုးတိုင်း လမ်းချိုးတိုင်းမှာ ချောက်ကမ်းပါးက စိတ်ရှည်လွန်းစွာနဲ့ ထိုင်စောင့်နေတယ်။ သင့်ကိုယ်သင် နိဂုံးတစ်ခု လို့ ခံစားကြည့်လိုက်ပါ။ ပျော်နိုင်မှာလား၊ ပြဇာတ်တွေကိုလွမ်းဦးမလား၊ လွမ်းစေတီကို သတိရမလား၊ သင့်ဆီမှာ ငါ ပျော်ဝင်သွားလိုက်မယ်၊ တကယ်လို့ သင်သာ နိဂုံးတစ်ခုပီသခဲ့မယ် ဆိုရင် ၊ အစကို မမုန်းနဲ့လေ။ အဲဒီလိုပါပဲ၊ တဖြည်းဖြည်းနဲ့ ငါ့ပြတင်းပေါက်လည်း ကျောက်နံရံကြီးတစ်ချပ်ဖြစ်သွားတယ်၊ ဗလာ၊ မဟုတ်ဘူး၊ ကျောက်နံရံ၊ သွားတိုက်ဆေး၊ ကော်ဖီ၊ ဒီနေ့သတင်းစာ၊ . . . . ငါ တို့ ကို သူ အရမ်းလိုအပ်တယ် တဲ့ သင်ကိုယ်သင် ၊ ငါ့အကြောင်းတွေ သိ ရင် ပါးစပ် အကျယ်ကြီးဟ၊ မျက်လုံးကြီး ပြူးပြီး အော်ပြော၊ ဟောဟိုနားက အိပ်ရာ ထဲမှာ၊ ဥပမာ - သူ့စကြ၀ဋ္ဌာနဲ့သူရှိတယ်၊ သူနေ့နဲ့သူနေတယ်၊ သင်ပဲအရေးကြီးတယ်၊ ငါ့လိုပေါ့ ။ ။ ။ ရေးသားသူ>>>>>လင်းနီညို ထုံးစံအတိုင်း ကျွန်တော်သူငယ်ချင်းလင်းနီညိုရဲ့ နောက်ကဗျာတစ်ပုဒ်ပေါ့... ကြိုက်ကြမယ်လို. မျှော်လင့်ပါတယ်...။

2 comments:

တေဇာ (လရောင်လမ်း) said...

အော်.. ကျွန်တော်က ကဗျာကို စကားပြေမှတ်လို့ ဖတ်နေတာ
:P ။ ဘာပဲပြောပြော ဆွေးနွေးစရာမယ်မယ်ရရမရှိပေမဲ့ ဖတ်လို့ကောင်းတယ်ခင်ဗျ။ ဖတ်ချင်ပါသေးတယ်။ အရေးအသားပိုင်း သေသပ်ပိရိပါကြောင်း...။

ဧရာဝတီသား said...

ကဗျာဖတ်သွားပါတယ် ညီမောင်တေလေ ရေ။
ဘောလုံးကန်ချင်တဲ့ အခါလှမ်းပြောလိုက်ပေါ့၊ Royal Eagle FC ကတော့ အသင့်ရှိတယ် ညီရေ။
ခင်မင်လျက်