Wednesday, July 29, 2009

ရင်ပူစေတဲ့ ရိုက်ချိုးမှုမှာ . . . အဖျက်သမားတွေ . . . ယောင်ကိုင်းနေကြတယ်

ငယ်ငယ်က အိမ်မက်မက်တယ်ဗျ၊ ငုံ့ကြည့်တော့ ဘာမှ မရှိတာနဲ့ပဲ ဗီဒို အပေါ်(အသာ) တင်ထားလိုက်တယ်။ ထင်ထားတဲ့ အတိုင်းပါပဲ ဘယ်သူမှ မမွှေးခဲ့တဲ့ လေ က ၀ုန်း ခနဲ အတိုက်မှာ ပြာကျသွားကြတယ် ( သံမဏိ စကားလုံးတွေရယ်၊ လက်မဆေးရသေးတဲ့ မတရားမှုတွေရယ်၊ ဖားမက်ရဲ့ နောက်ဆုံးသီဝရီရယ် အမြစ်မခိုင်တဲ့ ကောင်တွေရယ်၊ (နောက်ထပ်ဖော်ပြမထားတော့ဘူး) . . . .) နောက်ဆုံးတော့လည်း ငါ နဲ့ အတူ အော် (ရယ်/ဆဲ) ကြပါ။ “အခု နာကျင်မှု ကလွဲရင် ဘာမှ အစစ်အမှန်မဟုတ်ဘူး” မတ်တယ်လစ်ကာ ချစ်ရတာ မောတယ်၊ ငြင်းခုံရတာမောတယ်၊ ရှင်းပြရတာမောတယ်၊ အားယားနေတာ မောတယ် (အခုတလော အမော မခံနိုင်ဘူး) ဘာတွေက အစစ်အမှန် ဆိုတာ မရှာချင်ဘူး(ခင်ဗျားတို့ သိရင်လည်း လာပြောပြမနေနဲ့တော့ (လွန်ကုန်ပြီ)) ကဗျာဆိုတာ အမွှေးနံ့သာ ဖြူးထားတဲ့ ဟင်းချိုတစ်ခွက်မှ မဟုတ်ပေပဲ။ ရက်စက်တယ်ဆိုတာတွေ ရက်တွေဆက်လာတဲ့ အခါ . . . ဒါလည်း လာဘ်စားမှုပဲ။ ဒါလည်း ညစ်ညမ်း မှုပဲ။ ဒါလည်း အမှားဟန်ဆောင်ထားတဲ့ အမှန်တရားပဲ။ ဒါလည်း သမိုင်းမတွင်ခဲ့တဲ့ ရှေးဟောင်းနှောင်းဖြစ်ပဲ။ ဒါတော့လည်း .. . ဒါပေါ့လေ။ ဒါပေမဲ့ ဒါတွေက . . . ဒါဒါ တွေရဲ့ ဖန်တီးမှု တစ်ခုမဟုတ်ဘူး။ ဘာသာစကားတစ်ခုရဲ့ အတွင်းသားကို မငမ်းမရ စုပ်နမ်း အရသာ ခံကြည့်နေတာ။ ထွီ . . . . မျက်နှာကို အသေးဆုံး သိမ်ငယ်သွားသည်အထိ . . . . အကြိမ်ကြိမ် အတောင်ပံတွေ . . . . နှင်းရည်စက်တွေ. . . မြင်ယောင်မိတာ . . . . ဖြူးဖွေးသွယ်လျတဲ့ ပေါင်တန်တွေ . . . သူတို့စိတ်ကူးလေးတွေထဲမျာ . . . အိုဟာရာတွေ အများကြီးပဲ . . . . ငါပြောနေကျလို . . . . . သြော် . . . . ကြည့်လို့တောင်မကောင်းဘူး . . . အခု ငါ အသက်နှစ်ဆယ် လည်း ပြည့်သွားတာ တစ်လလောက်ရှိပြီ။ လူတွေဝိုင်းပြီး လက်ညှိုးထိုးကြတယ်။ လူတွေဝိုင်းပြီး မျက်စောင်းထိုးကြတယ်။ လူတွေ ၀ိုင်းပြီး . . . . ထိုးကြတယ် ။ ငါ အဲသည်မှာ မရှိတော့တာ နှစ်ပတ်လောက်ရှိပြီပဲ။ (သူတို့ ဘာလုပ်နေပါလိမ့်) ထင်ထားတဲ့ အတိုင်း ခပ်နောက်တောက်တောက် မှန် နဲ့ ခပ်နောက်တောက်တောက် အတွေးအခေါ်တို့ ကြည်လင်မှုကို မုန်းတီး စက်ဆုပ်နေတာကို ၀မ်းသာစွာနဲ့ တွေ့လိုက်ရ။ (ထင်တာပဲ လေ) ထားလိုက်ပါတော့။ ဟို . . . နားမှာ ထားလိုက်ပါတော့။ ခပ်ဝေးဝေးမှာ ထားလိုက်ပါတော့။ တစ်ချို့ညတွေမှာ . .. ရန်ကုန်မြို့ကြီး တစ်ခုလုံးဟာ တုန်ယင်စိုစွတ်နေတာ ခင်ဗျားတို့သိကြလား။ ရေခဲရေရောင်းတဲ့ ကောင်လေးတွေ ပိုက်ဆံ လိုက်တောင်းတာ ခင်ဗျားတွေ့ဖူးသလား။ ခြေရာ အဟောင်းတွေ အရိုးမှာစွဲနေတာ ခင်ဗျားလက်ခံသလား။ မထင်ထားနဲ့နော် ငါ့ညီ။ နှစ်ပေါင်း နှစ်ဆယ် အသက်ရှင်လာပြီးတဲ့နောက် ငါ ဟာ လေမှာ ပျံ ဖို့ အသင့်ပဲ။ ( လေဆိုတာ၊ ဘာလဲ မမေးနဲ့) ငိုချင်သလိုလို ဖြစ်တိုင်း အပေါ့သွားလိုက်တယ်။ (ပေးလိုက်) တယောသံလို နွဲ့နောင်းနေတဲ့ အတိတ်ကံ က ငါ့ ကို ဖမ်းစား(ဖမ်းပြီးတော့ ၀ါးစား)လိုက်တယ် (တကျွပ်ကျွပ် တကြွပ်ကြွပ် တကျွတ်ကျွတ် တကြွတ်ကြွတ် နဲ့) “ ဟား ဟား ဟား” ( ငါရယ်တာ မဟုတ်ဘူးနော်) ထင်မထားပါနဲ့ ငါ့အစ်ကို။ အမှန်တရားဆိုတာ တံတားမလိုပဲ အစ်ကို့ ရင်ထဲကို ရောက်လာမှာပါ။ (အမှန်တရား ဆိုတာ ဘာလဲ၊ မမေးနဲ့) နားတစ်ဖက်ပိတ်ပြီး လမ်းဆက်လျှောက် သွားလိုက်၊ လမ်းဆုံးရင် . . . . ရွာရောက်မရောက်တော့ မသိဘူး၊ လမ်းတော့ ဆုံးမှာပဲ (စက်ဝိုင်းပုံလမ်းဆို ဘယ်လိုလုပ်မလဲ ကဲ) မိုးတွေရွာနေတဲ့ ကောင်းကင်ကို မော့ကြည့်ပြီး ချစ်သူကိုလွမ်းရတာ အရမ်း . . . (အလကား ဘာမှ မဟုတ်ဘူး ပေါချောင်ကောင်း အလုပ်ကြီး) သေခါနီးကျရင် ကိုယ့်ဘ၀ ကိုယ် ပြန်သိမ်းပိုက် ဖို့ မမေ့ဖို့ဆိုတဲ့ စကားကို ငါ သိပ်နားမလည်ပေမဲ့ ငါ ရင်မပူအောင် ရေသောက်ပြီး အော်နေပါရစေ။ ရေးသားသူ>>>> လင်းနီညိ (ကျွန်တော်သူငယ်ချင်းရဲ့ကဗျာလေးပါ၊ အွန်လိုင်းက သူငယ်ချင်းပေါ့၊ ကိုယ်ပိုင် Blog လုပ်ဖို. အခက်အခဲရှိတာရယ် ကျွန်တော်ကလည်း ဒီကဗျာလေးကို သဘောကျတာရယ်ကြောင့်တင်ပေးလိုက်ပါတယ်၊ အားပေးကြပါဦးလို.၊ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

2 comments:

Notes on Web of My Pieces said...

ကဗျာမှာ စကားလုံးတွေ အားကောင်းတယ်......။ချစ်ရတာ မောတယ်....ငြင်းခုံရတာ မောတယ်...ရှင်းပြရတာ မောတယ်....လူငယ်တယောက်ရဲ့ ယုံကြည်ချက်ကို ဘယ်အရာမှ မဖျောက်ဖျက်နိုင်ဘူးဆိုတာ အသေအချာပေါ့............။ဒါပေမယ့် ကဗျာကို ဖတ်ပြီး စကားလုံးတွေနောက် အရသာခံ လိုက်သွားတုန်း......စကားလုံးတွေက ကိုယ့်ကို ထားခဲ့.....စကားလုံးတွေကို ဘဝင်မကျ....။ဘာသာစကားရဲ့ နှောက်ယှက်မှုမှာ ကဗျာဖတ်သူ အတိဒုက္ခ ရောက်....ပါဒတွေ တခုနဲ့ တခုကြားမှာ ကဗျာဖတ်နေသူတယောက်ကပဲ....ခံစားမှုတွေ ထွေပြားနေရတာ ကျွန်တော်ဆိုရင် မကြိုက်ဘူး....ကဗျာရေးသူ အနေနဲ့ အဲဒါကိုပဲ ဦးတည်တယ်ဆိုရင်တော့ ကျွန်တော် ဘာမှ စောဒကတက် ပြီး.....ဘာမှ ပြောစရာ မလိုတော့......ချစ်လှစွာသော ကဗျာရေးသူ......ချစ်လှစွာသော ကဗျာဖတ်သူ......

မငုံ said...

ကဗျာလေးကောင်းတယ်။ ပေါက်ကွဲသံစဉ်တွေပါလား။

"သေခါနီးကျရင် ကိုယ့်ဘ၀ ကိုယ် ပြန်သိမ်းပိုက် ဖို့ မမေ့ဖို့ဆိုတဲ့ စကားကို ငါ သိပ်နားမလည်ပေမဲ့ ငါ ရင်မပူအောင် ရေသောက်ပြီး အော်နေပါရစေ။"

ဒီအပိုဒ်လေးကို တော်တော်သဘောကျတယ်။