မနက်မိုးလင်းတော့ နေမင်းကြီးက ရွှင်လန်းစွာနဲ့ပဲ ပြန်ရောက်လာပြီ။ တစ်ညလုံး ငိုနေတဲ့ နေမင်းကြီး အခုတော့လည်း ရွှင်လန်း တက်ကြွစွာနဲ့။ ဒါဆိုသေချာပါတယ် ကျွန်တော်မမြင်လိုက်ရဘူး။ လမင်းငိုရှိုက်ပြီး ထွက်သွားတာကို ဒါပေမယ့် သေချာတယ် လောကကြီး တစ်ခုလုံးကလဲ ငိုလိုက်ရယ်လိုက်နဲ့ ဘယ်တုန်းကများ တစ်သမတ်ထဲ ရှိခဲ့ဖူးလို့လဲ။ ကျွန်တော့်ကို တည်ငြိမ်ခွင့် ပေးပါတော့။ ပြောင်းလဲသွားခဲ့ပြီ။ အခုကျွန်တော် မျက်နှာသစ်ဖို့ မလိုတော့ဘူး။ မျက်နှစ်သစ်တယ် ဆိုတာက လူတွေက မျက်နှာဖုံး အသစ် (အတု)တွေကို လဲကပ်ကြခြင်းသာ ဖြစ်ကြပေလိမ့်မည်။ ကျွန်တော့်အတွက် မည်သည့်မျက်နှာဖုံးမျှ မလိုအပ်တော့ပါ။ မျက်နှာ ဖုံးများအောက်တွင် တည်ငြိမ်မှုများ အပျောက်အဆုံး မခံချင်တော့။
ကျွန်တော်၏ ခေါင်းရင်းတွင် ထမင်းထုပ်တစ်ထုပ်။ တယောတီးတဲ့ အဖိုးအိုမှ ကျွန်တော့်အတွက် ထားသွားပေးခြင်း ဖြစ်ပေမည်။ အခုတော့ ကျွန်တော့်အတွက် ထမင်းထုပ်ကို ဖွင့်နေသူမှာ အလေအလွင့် ခွေးတစ်ကောင်ဖြစ်သည်။ ကျွန်တော်လည်း အခုအချိန် လူအများအမြင်၌ အပေအတေ တစ်ကောင်အဖြစ် သတ်မှတ်ခံ ထားရပေမည်။ ထိုသို့သတ်မှတ်ခြင်းကို လူအများက ပြုလုပ်ကြခြင်းဖြစ်ကာ ကျွန်တော်က ကိုယ့်ကိုကိုယ် သတ်မှတ် ထားခြင်းမျိုး မဟုတ်ပေ။ ကျွန်တော် မည်သည့်အရာကိုမျှ မသတ်မှတ် ချင်တော့ပေ။ ထမင်းထုပ်ကို ထိုခွေးအား ကူဖွင့်ပေး ပြီးထမင်း တ၀က်ကို ခွေးကလေးအား ခွဲကျွေးသည့် ခွေးတစ်ကောင် နှင့်အတူတူ ထမင်းစားနေသော ကျွန်တော့်အား ခွေးကောင်ဟု ခေါ်လာလျှင် ကျွန်တော် မည်သို့မျှ ခံစားရမည်မဟုတ်ပေ။
ဘူတာရုံလေးထဲမှာတော့ လူတွေက သိပ်သည်းထူထပ်စွာ ပျောက်ကွယ်သွားကြသည်။ ထင်ကျန်ခဲ့တာ ဟူ၍ တစ်ခုမျှမရှိ။ ရယ်သံများလည်း ပျောက်ဆုံးခဲ့ကြသည်။ တွေတွေငေးငေးနှင့် ကျွန်တော့်ဘာသာ ဆက်ထိုင်နေခဲ့သည်။ အိမ်သာတက် ချင်လာပြီး။ ဘယ်မှာလဲ အိမ်သာ။ ကာရံထားသော လေးထောင့်အခန်းများကို ကျွန်တော်စိတ်ပျက်လှပြီ။ ဘ၀မှာ ဆယ့်ခြောက်နှစ်လုံးလုံး ကာရံခံခဲ့ရပြီးပြီ ဖြစသည်။ မလွတ်လပ်သော စိတ်ကို မချည်နှောင်ထားချင်တော့။ ချုံပုတ်များကြားလည်း ကျွန်တော်မတိုးဝှေ့လို။ ဘ၀တစ်ခုလုံး တိုးရင်းဝှေ့ရင်း ပင်ပန်း ခဲ့ကြရပြီ။ ကျွန်တော် ခြေကုန်လက်ပန်း မကျချင်တော့။ဘူတာရုံ လေး၏ထောင့်ချိုးတစ်နေရာတွင် ကျွန်တော်ဝမ်းတွင်းမှာ အညစ်ကြေးများကို စွန့်ထုတ်ပစ်လိုက်တယ်။ ကျွန်တော် မနှစ်မြို့စွာ တိုးဝှေ့ထွက်လာသော အညစ်အကြေးများတွင် ကျွန်တော်၏ စိတ်ဆိုး စိတ်ညစ်များ အားလုံးလဲ တိုးဝှေ့ထွက်ပစ်လိုက်သည်။
ဟုတ်ကဲ့။ ကျွန်တော့်ကို လူတွေက အပေအတေ တစ်ကောင်အဖြစ် မသတ်မှတ်တော့။ ကျွန်တော်၏ လုပ်ရပ်များ အောက်တွင် ကျွန်တော်သည် အရူးတစ်ကောင် ဖြစ်သွားသည်။ ရွံရှာသောအကြည့်။ သနားသော အကြည့်များကြားတွင် ကျွန်တော် ထူထူထောင်ထောင် ဖြစ်လာသည်။ လူတွေသည် အမြဲတမ်း ပြောင်းလည်းနေတတ်ကြသည်။ ကျွန်တော်၏ ပြောင်းလည်းခြင်း အောက်တွင် ကျွန်တော်သည် မပြောင်းမလဲ တည်ရှိနေသည်။ ကောင်းကင်ကြီး အောက်တွင် အရူးတစ်ကောင်က တစ်စုံတစ်ရာကို ငံလင့်နေသည်။ တိုက်ပွဲ။ လောက၏ အလှပဆုံး ညနေဆည်းဆာ တိုက်ပွဲကို စောင့်ကြည့် ချင်နေသည်။
နေ၀င်ရီတရော ကောင်းကင်မှာတော့ နေမင်းနဲ့ လမင်းအလင်းပေးဖို့ တာဝန်လုနေချိန်။ ဘူတာရုံ လေးနားကို ကားဖြူဖြူလေးတစ်စီး ထိုးစိုက်ရောက်လာသည်။ ကျွန်တော့် မှတ်ဉာဏ်တို့က မသတီစွာ သတိရလိုက်သည်။ ရွံဖို့ကောင်း လိုက်တာ။ ကျွန်တော့် ဦးနှောက်တွေ ဘာလို့မပျက်စီးသေးတာလည်း။ အဖေအမေ (သို့) အုပ်ထိန်းသူများ။ မည်သို့ပင် နာမည်တပ်တပ် ကားဖြူဖြူလေးနှင့် ထိုသူများသည် ကျွန်တော့် ဘ၀တစ်ခုလုံးကို သူတို့လိုအပ်သလို ပုံသွင်း ပြုပြင် ပြောင်းလဲပေးမည့် သူများဖြစ်သည်။ လောကတွင် ကျွန်တော်အမုန်းဆုံး အရာတစ်ခုကို မကြာသေးမှီက ရှာဖွေဆန်းစစ် မိခဲ့သည်။ ကျွန်တော်၏ ကိုယ်ခန္ဓာနှင့် စိတ်အား သူတစ်ပါးမှ ခိုင်းစေဆောင်ရွက်ခြင်း ဖြစ်သည်။ လူ့လောကတွင် ဤအဖြစ်သည် သိပ်မဆန်းလှတော့။ နေရာတကာ လိုလိုတွင် ကျွန်တော်မြင်နေရသည်။ လူသားတို့၏ ပြဂုဂ် တစ်ခုလည်း ဖြစ်နိုင်ပေသည်။ ကျွန်တော်က တဖြည်းဖြည်း လူသားဖြစ်ရသည်ကို စိတ်ပျက်လာသည်။ ကျွန်တော်လူသား မဖြစ်လိုတော့။
ကျွန်တော် သံလမ်းအတိုင်း ပြေးလာခဲ့မိတယ်။ ကျွန်တော့် နောက်မှာတော့ ပြေးလိုက်လာကြတယ်။ အော်ခေါ်သံ အချို့နဲ့ ကိုယ့်ဘ၀ကိုယ်တောင် မပိုင်ဘဲ သူတစ်ပါး ဘ၀ကို အမိန်ပေးလိုသူတွေ။ ကျွန်တော် ဟက်ကနဲ့ တစ်ချက်ရယ် ပစ်လိုက်တယ်။ ကျွန်တော် လူသားမဖြစ်ချင်ပဲ ဖြစ်နေရသေးတယ်။ ကျွန်တော် လူသားမဖြစ်လိုတော့။ ရထားတစ်စီး ကျွန်တော့်ရှေ့ကို ပြေးဝင်လာတယ်။ တော်တော်တော့ လှမ်းသေးတယ်။ အို . . . ။ လှလိုက်တဲ့ မြင်ကွင်း။ တိုက်ပွဲက ပြီးဖို့ သိပ်မလိုတော့။ တိုက်ပွဲကားပြီးပြီ။ အောင်နိုင်သူ လမင်းကြီးအား ကျွန်တော် ဂုဏ်ပြုရပေမည်။ မတ်မတ်ရပ်၍ လမင်းကြီးကို စိုက်ကြည့်နေလိုက်သည့်ခဏ . . . . ။
ကျွန်တော်လူသားမဖြစ်လိုတော့၊ ကျွန်တော်လူသားတစ်ယောက် မဟုတ်တော့။
ယခုချိန်တွင် ကျွန်တော်တစ်ချိန်က မလိုချင်ပဲ ပိုင်ဆိုင်ခဲ့ရသည့် ချစ်ခြင်း၊ မုန်းခြင်း၊ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း၊ ကြည်နူးခြင်း၊ စိတ်ပျက်ခြင်း၊ ရွံအခြင်း စသည့်မည်သည့် အရာမျှ မကျန်ခဲ့တော့။ ထိုအရာများ ကျွန်တော့်တွင် မရှိတော့ကြောင်းပင် ကျွန်တော့်ကို ကျွန်တော်မသိ။ သေရင်အားလုံးပြီးပြီ။
Friday, June 5, 2009
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment