Tuesday, June 2, 2009

သံလမ်းပေါ်ကအသက်ရှုသံများ

ကျွန်တော့်လို ချာတိတ်တယောက်က ဒီလိုနေရာမှာ ခေါင်းချလို့ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်ခဲ့ ဖူးတယ်ဆိုတာ လူတွေအတွက် ယုံတမ်းဖြစ်နေမယ်ထင်ပါတယ်။ ပုံပြင်ဆိုတာ ဟိုးရှေးရှေးတုန်းက ဆိုတဲ့ စကားနဲ. စတတ်ပေမယ့် ကျွန်တော့်ရဲ့ ပုံပြင်က ခုချိန်နဲ့ဆို နှစ်တောင်မပေါက်သေးပါဘူး။ ကျောက်တုံးကြမ်းကြမ်းတွေ ကြားက အဲဒါ ပုံပြင်လို့ ထပ်ဆင့်ဆိုပါရစေ။ နေ၀င်ရီတရော ကောင်းကင်မှာတောင် နေမင်းနဲ့လမင်း အလင်းပေးဖို့ တာဝန်လုနေချိန် ကျွန်တော် ချိနဲ့ပင်ပန်းစွာနဲ့ ဒီနေရာကို ရောက်လာခဲ့တယ်။ ကျွန်တော်နဲ့ ခပ်စိမ်းစိမ်း ဖြစ်နေတဲ့နေရာ ဆိုပေမယ့် သိပ်မကြာခင် တရင်းတနှီးဖြစ်ရဦးမှာပါ။ ကောင်းကင်ကြီးက ကျယ်ပြောလွန်း လှတယ်ဗျာ။ ကောင်းကင် အမိုးအောက်မှာ လူတိုင်းရှင်သန် ကြရတာပဲ။ ကြောက်ကြောက်နဲ့ပဲ ကောင်းကင်ကြီးကို မော့ကြည့်ပြီး ဘာအတွက်မှန်းမသိဘူး လူတိုင်းရုန်းကန် လှုပ်ရှားရတာပဲ။ တကယ်တော့ အမိုးဆိုတာ အုပ်မိုးထားခြင်း၊ အုပ်စိုးထားခြင်းသာဆို လူတွေဟာ ကောင်းကင်အမိုးအောက်မှာ အချုပ်အချယ် ခံထားကြရပြီပဲ။ လူသားတွေကို အုပ်စိုးထားတဲ့ကောင်းကင်၊ အဲဒီကောင်းကင်ဆိုတဲ့ အရာကြီးက လူသားတွေကို အကာအကွယ်ပေးဖို့တော့ လျစ်လျူရှုထားတယ်လေ။ ဘယ်မှာလဲ။ ကောင်းကင်ကြီး အောက်မှာ ဘယ်နေရာ ကိုကြည့်ကြည့်၊ ထပ်မေးဦးမယ် ဘယ်တုန်းကများ လူသားတွေအတွက် အကာအကွယ်ဆိုတာ ရှိခဲ့လို့လဲ။ ကမ္ဘာလောကကြီးမှာ လူဆိုတာက မတရားစွာနဲ့ ဖြစ်တည်လာရတာပါ။ အင်း. . . . အဲဒီတော့ အမိုးသာ ရှိပြီး အကာမရှိတဲ့ ဒီဘူတာရုံလေးမှာ စတင်ခြင်းဆိုတာကို မွေးဖွားတော့မယ့် ကျွန်တော်ဟာ လူသားပီသတယ် ဆိုတာ ဘယ်သူမှမငြင်းပါနဲ့။ ကျွန်တော့်ကို စက်ဆုပ်နိုင်တယ်။ ခင်ဗျားတို့နဲ့ မတူဘူး မတန်ဘူး ထင်မှတ်နိုင်တယ်။ ဒါပေမယ့် မတရားစွာနဲ့ လူဖြစ်ခဲ့ရတဲ့ ကျွန်တော့်တို့ အားလုံးဟာ အတူတူပဲ ဆိုတာ ကျွန်တော်သိထားတယ်။ ဘူတာရုံလေးရေ မင်းအတွက် အဖော်တစ်ယောက် ရပြီပေါ့ကွာ။ တိုက်ပွဲလား။ တိုက်ပွဲက ပြီးသားပါပြီ။ အလင်းရောင် အားနည်းတဲ့လမင်းက ဒီအချိန် လူသားတွေအတွက် တာဝန် ထမ်းဆောင်တော့မယ်။ မျက်ရည်ပေါက်တွေနဲ့ နေမင်းကြီးရယ် …. ထွက်သွားဦး တော့။ အင်အားများသူနဲ့ အင်အားနည်းသူ အားလုံးက တာဝန်တွေ အချိုးကျကျ ခွဲယူထားတာပဲလေ။ ကျွန်တော့်မှာ ဘာမှမရှိလို့လည်း ၀မ်းနည်းစရာ မလိုဘူး။ တစ်နေ့နေ့တော့ပေါ့။ ကျွန်တော်လည်း ချိနဲ့စွာနဲ့ တစ်ခုမဟုတ် တစ်ခုသော တာဝန်ကို ထမ်းဆောင်ရဦးမှာပါ။ ခုတောင် ကျွန်တော် အလုပ်တွေ စနေပြီလား မသိ။ ဘာပဲပြောပြော ကျွန်တော့်တာဝန်ကတော့ ၀မ်းနည်းစရာ ၀မ်းသာစရာ အရာအားလုံး ကင်းအောင် ထမ်းဆောင်နေတယ်။ အဲဒါ ကျွန်တော့်တာဝန်ပဲ ထင်ပါတယ်။ ဗိုက္ထဲက တဂြီဂြီ တဂွမ်ဂွမ်နဲ့ အော်မြည်ပြီး ဆာလောင်နေပေမယ့် ကျွန်တော့်မှာ စားစရာ ရှိမှ စားရမှာလေ။ ဘယ်မှာလဲ စားစရာ။ ရှိရင်တော့ စားလိုက်ချင်ပါတယ်။ ကျွန်တော့်မှာ စားစရာ ဘာဆိုဘာမှ မရှိဘူးလေ။ မရှိတဲ့ အရာကို တမ်းတမနေတော့ပါဘူး။ လုပ်လို့ရတဲ့ အရာတစ်ခုကိုပဲ ကျွန်တော်လုပ်တော့မယ်။ ကျွန်တော်လုပ်လို့ ရတာဆိုလို့ ခုချိန်မှာ စဉ်းစားခန်း (တွေးခြင်း)၀င်ခြင်းနဲ့ အိပ်ဖို့နှစ်ခုပဲ လုပ်စရာရှိတယ်။ အဲဒီတော့ ကျွန်တော် အိပ်လိုက်တော့မယ်။ လမင်းကြီးရေ ကျွန်တော်ခင်ဗျားကို ကျေးဇူးတင်စွာနဲ့ အိပ်လိုက်တော့မယ်။ ညတွေက ညဥ့်နက်လာတာလာ၊ ညဥ့်နက်လာတာက ညတွေလား၊ တွေးလိုက်ရင်း ခေါင်းရှုပ်သွား နိုင်တယ်။ အိပ်ပျော်နေရင်း ကြားလိုက်ရတဲ့ တယောသံ ငြင်သာ တိုးတိုးလေး။ ဘာပဲဖြစ်ဖြစ် အကြား အာရုံအတွက် ကျွန်တော် မျက်စိနှစ်ဖက်ကို ပိတ်လို့ ခံစားလိုက်ဦးမယ်။ လောကမှာ တရားမျှတမှု အရှိဆုံးက အနုပညာလားမသိ။ ပြဇာတ်ရုံက တယောထိုးသံနှင့် ဘူတာရုံလေးထဲမှ အဘိုးအိုတစ်ယောက်ရဲ. တယောထိုးသံ ဘာများ ကွာလို့လဲဗျာ။ အနုပညာဆိုတာ လူတိုင်းခံစားလို့ ရတာပဲလေ။ အချိုမြိန်ဆုံး စားသုံးလိုက်ကြပါ။ ဆက်ဆံမှု အားလုံးကို ဖြတ်တောက်လိုက်ချင်တဲ့ ကျွန်တော်။ လောကကြီးနဲ့ တကယ်ကို အဆက်ပြတ် ခဲ့ပြီလား။ အဆက်မပြတ် ဖြစ်တည်နေတဲ့ လောကကြီးမှာ လူသားတစ်ယောက် ဖြစ်ချင်ရင် အားလုံးနဲ့ ဆက်သွယ် တတ်ရမယ်။ ကျွန်တော် လူသားမဖြစ်ချင်ပဲ ဖြစ်နေရသေးတယ်။ တယောထိုးသံတွေ ပြီးသွားတဲ့နောက် ကျွန်တော်နဲ့ အဖိုးအို အနည်းငယ်သော စကားတွေ ပြောဖြစ်ကြတယ်။ သူ့အကြောင်း ကိုယ့်အကြောင်း လုံးဝမပါဘူး။ တယောသံလေး တွေကို တည်ဆောက်ထားပုံ အကြောင်းတွေသာ ပြောဖြစ်ကြတယ်။ သူ့ကို ကျွန်တော်က စခေါ်မိတာလား ကျွန်တော်ကို သူက စခေါ်တာလား ဆိုတာ မမှတ်မိ တော့ဘူး။ မှတ်မိစရာ မလိုတဲ့ အကြောင်းတွေကို သတိရစရာ မလိုဘူးလေ။ တကယ်တော့ လောကကြီး တစ်ခုလုံးက မှတ်သားစရာ ဘာမျှမရှိဘဲနဲ့ မှတ်သားစရာ တွေကို ရှာဖွေနေတဲ့ လူတွေအတွက်ပါ။ ကျွန်တော် ကတော့ လူသားမဖြစ်ချင်ပဲ ဖြစ်နေ၇သေးတယ်။ ဆကပါဦးမည်

1 comments:

ကံကောင်းသူ said...

ဖတ်လို့ကောင်းတယ်တေလေရေ...